Marlarmyaing for All. Let's grow together !

ဇူလိုင်လအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

စကားလက်ဆောင်
————————–
နည်းပညာကို ခလုတ်ထိမှ အမိတသလို တနေ၍မရ။ မိမိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ငွေကြေးပစ္စည်း အရင်းအနှီးကို ကြိုတင်ရှာဖွေသိမ်းဆည်း စုဆောင်းရသကဲ့သို့ နည်းပညာကိုလည်း သိုမှီးရာ၏။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
————————————-

— နှံစားသီးနှံ —
ရာသီမှီ စပါးသက်တမ်း(၅)လရရှိရန် ယခုကာလတွင်မှ စတင်မျိုးချပါ။ တမန်းမျက်နှာပြင်ကို ညီညာအောင်ညှိပါ။ ရေလှောင်မြက်သတ်ခြင်း၊ တမန်းအပုတ်ခံခြင်းကို အချိန်ရသလောက်ပြုလုပ်ပါ။ မိုးကျသည်နှင့်မျိုးချသည့်ဓလေ့ကို ပြုပြင်ပါ။ ကောက်စိုက်စက်ကို ရနိုင်သမျှ အသုံးပြုပါ။ အပင်ပေါက်စမ်းပြီးမှ မျိုးကြဲပါ။ အထက်မြန်မာပြည် နွေစပါးစက်ဖြင့် ရိတ်သိမ်းပြီး အမိုးအကာအောက် အမြန်ပို့ပါ။

— ဆီထွက်သီးနှံ —
မုံညှင်း၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ မြေပဲ၊ ယာသီးနှံခင်းများ ခြောက်တောင်ခြားတစ်မြောင်းချန် (သို့မဟုတ်) ပေါင်ကြီးတင်စနစ်ဖြင့် ရေသွင်းရေထုတ် မြောင်းများဖော်ထားပါ။ မျိးစေ့များကို ဖူဂျီဝမ်းဖြင့် လူးနယ်သန့်စင်ပါ။ မြေကြီးကို အမ်ကာဘိုဖြည့်သွင်းပြီး ပိုးသန့်ပါ။ နေရွက်လှေကွန်ပလက်၊ ယူရီးယား၊ တီစူပါ၊ ပိုတက် ဓါတ်မြေသြဇာများကို ပြာ၊ နုံး၊ ထုံး၊ ဆိတ်ချေးဆွေး၊ ကြက်ချေးဆွေးတို့နှင့် ရောစပ်ကာဖြည့်သွင်းပေးပါ။ နှစ်စဉ်နှစ်သီးအထက် စိုက်ပျိုးမြေနှင့်မြစ်ချောင်းရေ မလွှမ်းသောမြေများ အထူးဖြည့်သွင်းပါ။

— ဥယျာဉ်ခြံသီးနှံ —
သရက်၊ သီဟို၊ ပိန္နဲ၊ ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ထောပတ်ဦ လိမ္မော် တစ်နှစ်တစ်သီးအပင်ကြီးများ အသီးကုန်ချိန်က ကိုင်းဖြတ်ထားလျှင် တစ်နေရာ(၃)ကိုင်းသာချန်လျှက် ကိုင်းမွေးမြူပါ။ မွေးကိုင်းများသန်စွမ်းကြီးထွားနိုင်ရန် ဟိုက်ပါဂရိုးနှင့် အမ်ဂျီအေတို့ဖြင့် ရွက်ဖြန်းပေးပါ။ လက်ဖက်၊ ကော်ဖီ၊ ကိုကိုး၊ မက်ကာဒေးမီးယား၊ ပန်းသီး၊ သစ်တော် တောင်စောင်း ဆင်ခြေလျှော ဥယျာဉ်ခြံမြေများ ကွန်တိုလိုင်းအလိုက် ရေလွှဲမြောင်း ရေဖမ်းကျင်း ရေဆင်းမြောင်းများ ဖော်ထုတ်ပြုပြင်ပါ။ ရေဆင်းနေရာများ သစ်မြစ်စုံ ကျောက်တုံးများချပြီး ရေစီးနှေးအောင် ဟန့်တားပေးပါ။

— သဘာဝဘေးကာကွယ်ရေး —
မိုးလေဝသ သတင်းများ အမြဲနားစွင့်မှတ်သားလေ့လာပါ။ မုန်တိုင်းဖြစ်ပေါ်ပါက လေထန်မိုးကြီးနိုင်ပါသည်။ စိုက်ပျိုးချိန်များ ချိန်ညှိဆောင်ရွက်ပါ။