Marlarmyaing for All. Let's grow together !

မေလအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

 

စကားလက်ဆောင်
*******************
ကျေးလက်ဘွဲ့ရလူငယ်များ မည်သည့်ဘွဲ့အတတ်ကိုပဲရရ လယ်ရာစိုက်ပျိုးရေးကဏ္ဍက ကြိုဆိုလက်ခံနိုင်စွမ်းရှိကြောင်း သတိရပါ။ စိုက်ပျိုးရေးဆိုသည်မှာ သိပ္ပံနှင့်ဝိဇ္ဇာနှစ်ဖြာသောအတတ်များ၏ ပေါင်းစည်းရာ ပညာရပ်ဖြစ်ပါသည်။မိမိကျွမ်းကျင်ရာဖက်က ပါဝင်ဆောင်ရွက်လိုစိတ်ထက်သန်ခြင်းသာ အခရာဖြစ်သည်။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
****************************

နှံစားသီးနှံ
**********
အထက်အညာနွေစပါးအပင်ပွားချိန် မှို့ကပ်ချိန်ဖြစ်ပါသည်။ဆစ်ပိုး၊ဖြုတ်မျိုးစုံ၊ငမြှောင်တောင်၊ပိုးလောင်မီးပိုးမွှားများနှင့် ပင်စည်ပုတ်၊ရွက်ဖုံးခြောက်၊ရွက်ညိုပြောက်နှင့် ဘတ်တီးရီးရားရောဂါများကွင်းဆင်းစစ်ဆေးပါ။ ပိုးများအတွက် ကလိုရိုဆိုက်ပါ၊ ထြိုင်ဆဲရောဂါများအတွက် အမ်-ကိုဆိုက်နှင့် အမ်-ထရစ်ဆေးများဖြင့်ကျရောက်သော နေရာနှင့်ပတ်ဝန်းကျင်တွင် နှိမ်နင်းပါ။

ဥယျာဉ်ခြံသီးနှံ
**************
အသီးကုန်ခူးဆွတ်ပြီးနောက် သရက်၊ပိန်းနှဲ၊ဒူးရင်း၊ ကြက်မောက်၊လိမ္မော်၊ထောပတ်စသည့် အပင်ကြီးများအား ကိုင်းအိုကိုင်းဆွေး၊ ရေတက်ကိုင်းများ လွှတိုက်ဖြတ်တောက်ဖယ်ရှင်းပါ။ ဖြတ်ရာနေရာများကို အမ်-သိမ်း၊တော့ဆင်ဆေးများကို ကွမ်းစားထုံးနှင့် ရောစပ်ပြီး သုတ်လိမ်းပေးပါ။ အသီးသီးဆဲ နဂါးမောက်၊ကြယ်ပဲ၊ကျွဲကော၊သံပုရာ၊မာလကာများအားနေရွက်လှ (၁၆:၁၆:၁၆ + TE ) ကွန်ပေါင်းတီအက်စ်ပီ ပိုတက်မြေခံမြေဩဇာနှင့် (၁၈:၃၃:၁၈ နှင့် ၀:၅၂:၃၄) ရွက်ဖျန်းများပင်သက်အလိုက် ဖြည့်တင်းပေးပါ။

သဘာဝဘေးကာကွယ်ရေး
**************************
ခရမ်းလွန်ရောင်ခြည်အခံရဆုံးကာလဖြစ်ပါသည်။ သစ်ပင်သီးနှံများအတွက် အပူလျော့အကာအကွယ်၊ အစိုဓာတ်မပြတ်အောင်စီမံခြင်း၊ဘီဝမ်း၊အမိုင်နိုပါဝါ၊ လစ်တိုဇင်၊စယ်လီဆဲလစ်ဟော်မုန်းများ ပက်ဖျန်းခြင်းဖြင့် ကာကွယ်ပါ။

မြေယာပြုပြင်ခြင်း
*****************
စိုက်ပျိုးမြေများအားမိုးကျပြီး မြေဝမ်းရောင်အဆင့်တွင် ထယ်ထိုးထွန်ကြမ်းဝင်ပြီးမိုးရေခံထားပါ။ မြေသိပ်သွားလျှင် ထယ်ရေးပြန်ဖွင့်ထားပါ။ ပေါင်းမြက်များအပေါက်မြန်အောင် အီးအမ်၊ဖာတီစတက်၊ယူရီးယားဖျော်ရည်များပက်ဖျန်းပေးပါ။