Marlarmyaing for All. Let's grow together !

ဧပြီလအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

ဧပြီလအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ
*********************************************
စကားလက်ဆောင်
———————–
ခရမ်းလွန်ရောင်ခြည်မြင့်မားခြင်း၊ အပူဒဏ်ကိုပြင်းပြစွာခံစားရခြင်း၊ မီးလောင်ပျက်စီးလွယ်ခြင်းများသည် သစ်တောနှင့်မြေတွင်းသယံဇာတများ အထိန်းအကွပ်မဲ့စီးပွားရှာခံရခြင်း၏ဆိုးကျိုးဆက် သဘာဝပတ်ဝန်းကျင်ပျက်စီးလာရခြင်းကြောင့်ဖြစ်ကြောင်း ဖျက်စီးသူအပါအဝင်ပညာတတ်ပုဂ္ဂိုလ်အားလုံးသိနားလည်ပြီးဖြစ်သည်။ ယခုရာသီတွင် ပညာတတ်များကဦးဆောင်၍လူတစ်ဦးသစ်တစ်ပင် ရှင်သန်အောင်စိုက်ပျိုးပြုစုနိုင်မှ အနာဂတ်တိုင်းပြည်၏ ဘဝပြန်လည်လှပသန်စွမ်းနိုင်လိမ့်မည်။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
————————————-
နှံစားသီးနှံ – အောက်မြန်မာပြည် နွေစပါး အဆံပြည့်ချိန်၊ရင့်မှည့်ချိန်ကာလဖြစ်သည်။ နှံစုတ်ပိုး၊နှံဖြတ်ပိုးနှင့် ယူဖရာ၊မှိုသီး၊ဘတ်တီးရီးယားရောဂါများကို ကင်းထောက်စစ်ဆေးပါ။ အမိုးအကာအောက်အချိန်မီရောက်ရှိအောင် စက်ကိရိယာအသုံးပြုရိတ်သိမ်းပါ။လက်ရိတ်ကောက်လှိုင်းများ ငုတ်တုတ်ထောင်ထားပါ။ နွေစပါးများပင်ပွားအားကောင်းရန် ရေသွင်းရေခန်းစနစ်ကျင့်သုံးပါ။ ဒေါင်းမြှီးပျံ၊ခွေးမြီးပုတ်မြက်များမှကာကွယ်ရန် အမ်-ပေါင်းနှင့် နှိမ်နင်းရန်အမ်ပေါင်းရှင်း၊စပိုင်တို့ကိုအသုံးပြုပါ။

ဥယျာဉ်ခြံသီးနှံ – သရက်၊ဒူးရင်း၊ပိန်းနှဲ၊ငှက်ပျော၊ပန်းသီး၊သစ်တော်၊စတော်ဘယ်ရီ၊ထောပတ်များရင့်မှည့်ချိန်ကာလဖြစ်ပါသည်။ ဈေးကွက်လိုအပ်ချက်အရ အမြန်ရင့်မှည့်လိုပါက အီသရယ်ဟော်မုန်းကို အပင်ပေါ်မှာပက်ဖျန်းပါ။ ခူးပြီးအမြန်မှည့်လိုပါက အသီးရင့်များ မီးခိုးမှိုင်းအုပ်ခြင်း၊ အသီးစိမ်းများကြား အသီးမှည့်(၃%မှ၅%) ကြားညှပ်ထည့်သွင်းပြီးမှ အုပ်ခြင်းပြုလုပ်ပါ။ စားရကာနီး သစ်သီးဝလံများအပေါ် မည်သည့်ဓာတုပစ္စည်းကိုမျှ အသုံးမချရပါ။

သဘာဝဘေးကာကွယ်ရေး – အခါမဲ့မိုး မည်မျှပင်ကောင်းကောင်း ယင်းကို အားကိုးပြီး သီးနှံမစိုက်ပျိုးပါနဲ့။ မိုးကာလသဘာဝဘေးများကို ပြန်လည်မြင်ယောင်ပါ။ယင်းကို ကုစားနိုင်ရန် မျိုးစေ့၊မျိုးဆံများကို (၂)ဆမှ(၃)ဆ ပိုမိုလှောင်ထားပါ။

မြေယာပြုပြင်ခြင်း – သီးနှံလွတ်ဧရိယာများ နွေထယ်ရေးခံထားပါ။ မြေမျက်နာပြင်နှင့် စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင်ဖော်ထုတ်ပါ။ ဂဝံမြေစေး၊ စနယ်မြေစေးနှင့် လယ်မြေပြာများကို ဆားပေါက်မြေ၊သဲဆန်မြေ၊ပြာမျိုးစုံ ပဲစပါးမှော်နှင့် တိရိစ္ဆာန်ချေးဆွေးများချထား ဖြည့်ဆည်းပါ။ အီးအမ်ပက်ဖြန်းပြီး မြေနှင့်ပြန်အုပ်ထားပါ။