Marlarmyaing for All. Let's grow together !

တောင်သူများသတိထားစေချင်သည့် စိုက်ပျိုးရေးဆေး

မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင်အသုံးပြုသော စိုက်ပျိုးရေးသုံး ဓာတုပိုးသတ်ဆေးများ ကို ၁၉၈၈ ခုနှစ်အထိ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုထဲမှ ဖြန့်ချီခဲ့ပြီး ဈေးကွက်စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက် လာသောအခါ ပုဂ္ဂလိကလက်ထဲသို့ လွှဲပြောင်းပေးအပ်ကာ ဈေးကွက်ထဲတွင် တရားဝင် ရောင်းဝယ်ခွင့်ပြုခဲ့ ပါသည်။
ထိုသို့တရားဝင်ရောင်းဝယ်ဖေါက်ကားခွင့်ပြုပေးရာ ၁၉၉၀ ခုနှစ်တွင် ပိုးသတ်ဆေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံတွင် မှတ်ပုံတင်ရရှိပြီးမှ ဈေးကွက်တွင် ရောင်းဝယ်ဖေါက်ကားခြင်းကို ခွင့်ပြုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ခေတ်နှစ်လျော်ညီသော ပိုးသတ်ဆေးဥပဒေ သစ်ကို ထပ်မံပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
စိုက်ပျိုးရေးကိုလုပ်ကိုင်နေသောသူများအနေဖြင့် မိမိစိုက်ခင်းတွင် ပိုးမွှားရောဂါဖျက်စီးမှုမှ ကင်းဝေး စေရန်နှင့် သီးနှံအထွက်နှုန်း မထိခိုက်စေရန် စိုက်ပျိုးရေးသုံး ဓာတုပိုးသတ်ဆေးများကို သုံးစွဲနေရသည်။ ထိုသို့သုံးစွဲရာတွင် ဈေးကွက်ထဲ၌ တရားဝင်မှတ်ပုံတင်ပြီး ရောင်းချနေသော စိုက်ပျိုးရေးဆေးများကိုသာ သုံးစွဲ သင့်ပေသည်။
တရားဝင်မှတ်ပုံတင်ထားသော ဆေးဘူး / ဆေးထုပ်များတွင်
– မြန်မာစာအညွှန်းပါရှိသဖြင့် သုံးစွဲရမည့်ဆေးပမာဏကို လွယ်ကူစွာတွက်ချက် ဖျော်စပ် အသုံး ပြုနိုင်ခြင်း
– အသုံးပြုမည့် စိုက်ပျိုးရေးဆေးနှင့် မိမိစိုက်ပျိုးသီးနှံတွင် နှိမ်နင်းလိုသည့် ပိုး၊ရောဂါ၊ ပေါင်း စသည် တို့အတွက် အသုံးပြုသင့်သည့် စိုက်ပျိုးရေးဆေးနှင့်နှုန်းထားကို လွယ်ကူစွာသိနိုင်ခြင်း
– သက်တမ်းကုန်ဆုံးမည့်ရက်ကို ဖေါ်ပြထားသဖြင့် သက်တမ်းလွန်နေသော စိုက်ပျိုးရေးဆေးများကို လွယ်ကူစွာသိရှိနိုင်ခြင်း
– သီးနှံများ မခူးဆွတ်မရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ပါရှိသဖြင့် စိုက်ပျိုးရေးဆေးဓာတ်ကြွင်းများ ပါဝင်မှုမရှိစေရန် စိုက်ပျိုးရေးဆေးဖျန်းရက်ကို ချင့်ချိန်ဆောင်ရွက်နိုင်ခြင်း
– စိုက်ပျိုးရေးဆေးဖြန့်ဖြူးသော ကုမ္ပဏီ၏လိပ်စာ ပါရှိသောကြောင့် စိုက်ပျိုးရေးဆေးနှင့် ပတ်သက်၍ တစ်စုံတစ်ခုသော ကိစ္စကြီးငယ်ပေါ်ပေါက်လာပါက ဆက်သွယ်နိုင်ခြင်း၊ သတင်းအချက်အ လက်ရယူနိုင်ခြင်း၊ ကုမ္ပဏီ၏ တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ စေနိုင်ပါသည်။

တောင်သူများအနေဖြင့် တရားမဝင် စိုက်ပျိုးရေးဆေး၊ မြန်မာစာအညွှန်းမပါသော စိုက်ပျိုးရေးဆေးများကို ဈေးကွက်တွင် အလွယ်တကူသုံးစွဲနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ ပိုးသတ်ဆေးရောင်းသူ၏ အညွှန်း ကောင်းခြင်းတို့ကြောင့်ဝယ်ယူသုံးစွဲကြသည်။ တရားမဝင် စိုက်ပျိုးရေးဆေးများကို လုံး၀ ဝယ်ယူသုံးစွဲခြင်း မပြုရပါ။
မြန်မာနိုင်ငံနှင့်ကုန်းတွင်းပိုင်းနယ်နမိတ် ထိစပ်သောနိုင်ငံများမှ တရားမဝင် ဝင်ရောက်လာသော စိုက်ပျိုးရေးဆေးများမှာ မြန်မာစာအညွှန်းမပါရှိခြင်း၊ ဆေးဘူး / ဆေးထုပ်ထဲတွင် မည်သည့် အဆိပ်ရှိပစ္စည်း များအား ပေါင်းစပ် ထည့်သွင်းထားခြင်း၊ မည်သည့်ဆေးနှုန်းထားဖြင့် ဖျန်းရမည် စသည်တို့ကိုဖတ်ရှု နားလည်ရန် ခက်ခဲခြင်း၊ မတော်တဆ အဆိပ်သင့်သောကိစ္စရပ်တွင်မူ မည်သို့ဆောင်ရွက်ရမည် ဟူသော အသိပေးချက်များ မပါရှိခြင်း၊ ပါရှိပြီး မဖတ်တတ်ခြင်း၊ ကုမ္ပဏီ၏တာဝန်ခံမှု၊ တာဝန်ယူမှုမရှိနိုင်ခြင်း တို့ကြောင့် ထိုပိုးသတ်ဆေးများကို အသုံးပြုလျှင် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပြီး ဆေးဖျန်းသူ၊ သီးနံှစားသုံးသူ များနှင့် ပတ်ဝန်းကျင်အတွက် အလွန်စိုးရိမ်ဖွယ်ကောင်းလှပါသည်။
ဤနေရာတွင် စိုက်ပျိုးရေးဆေးကိုင်တွယ်သုံးစွဲသူများ ဆောင်ရန် / ရှောင်ရန်စသည့် အချက်များကို အဓိက မဆွေးနွေးလိုဘဲ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရာတွင် စဉ်းစားရန်လိုအပ်သည့် အဓိကအချက်များ ကိုသာ အလေးထား ဆွေးနွေးလိုသည်။
စိုက်ပျိုးရေးဆေးသည် မည်ကဲ့သို့ပင်အစွမ်းထက်သောဆေးဖြစ်စေကာမူ အသုံးပြုသူ၏ မှန်ကန်စွာအ သုံးချမှုအပေါ် မူတည်ပြီး ဆေးထိရောက်မှု ရှိ / မရှိ ကွာခြားနိုင်သည်။ ဖျက်ပိုးများအား ကာကွယ်နိုင်နင်းရာ တွင် ရွေးချယ်သောဆေးမှန်ကန်မှု၊ ဆေးနှုန်းထားမှန်ကန်မှု၊ ဖျက်ပိုးများအား နှိမ်နင်းရမည့်အချိန်တွင် အချိန် ကိုက် ဆေးဖျန်းနိုင်မှုတို့သည် အရေးပါလှသည်။ ထိုအချက်များအားလုံးကို စိုက်ပျိုးရေးဆေးအညွှန်းစာ (Label) တွင် ဖေါ်ပြထားသဖြင့် ဆေးအသုံးမပြုမီ အညွှန်းစာအား သေချာစွာ ဖတ်ကြည့်ပြီးမှ ဆောင်ရွက် သင့်သည်။
အချို့ အင်းဆက်ဖျက်ပိုးများနှင့် ရောဂါဖြစ်စေသောမှိုများမှာ မြေကြီးထဲတွင်နေထိုင်ပြီး တိုက်ခိုက် ဖျက်ဆီးခြင်း၊ ရောဂါဖြစ်စေခြင်းတို့ကြောင့် အရွက်ကိုဖျန်းခြင်းထက် မြေကြီးထဲသို့ထည့်သွင်းခြင်း၊ မျိုးစေ့ကို လူးနယ်ခြင်းက ပို၍ ထိရောက်သည်။ သီးနှံသက်တမ်းတစ်လျှောက် စိုက်ပျိုးရေးဆေးတစ်မျိုးတည်းကို ဆက်တိုက် သုံးစွဲမည့်အစား ဆေးပြောင်းလဲ သုံးစွဲသင့်သည်။
စိုက်ပျိုးရေးဆေးပက်ဖျန်းရာတွင် တောင်သူများသည် နီးစပ်ရာရေမြောင်းထဲမှ သန့်ရှင်းမှုမရှိသောရေ များဖြင့် ရောစပ်ကာပက်ဖျန်းကြသဖြင့် စိုက်ပျိုးရေးဆေး၏အာနိသင်လျော့ခြင်း၊ ပျက်ပြယ်ခြင်းများ ဖြစ်ပေါ်စေ နိုင်သည်။ ထိုကြောင့် သန့်ရှင်းကြည်လင်သောရေနှင့်သာ ရောစပ်ပက်ဖျန်းသင့်သည်။ ထို့အတူ အသုံးပြု သော စိုက်ပျိုးရေးဆေးကရိယာ သည်လည်း မှန်ကန် ကောင်းမွန်ရမည်။
တစ်ချို့တောင်သူများသည် အချိန်နှင့်လုပ်အား သက်သာလိုခြင်း၊ ပိုမိုထိရောက်မည်ဟု ထင်မြင် ယူဆခြင်းတို့ကြောင့် စိုက်ပျိုးရေးဆေး (၂)မျိုး / (၃)မျိုးအား မိမိဘာသာ ရောစပ်၍ ဖျန်းကြသည်။

ရွက်ဖျန်းမြေသြဇာနှင့်လည်း ရောစပ်၏။ စိုက်ပျိုးရေးဆေးများအား အတိုင်းအဆမရှိ မိမိဘာသာရောစပ်ခြင်း ကြောင့် အာနိသင်ပြောင်းလဲခြင်း၊ အပင်ဆေးလောင်ကျွမ်းခြင်း၊ ထိရောက်မှုအားနည်းခြင်း၊ စိုက်ပျိုးရေးဆေး ဓါတ်ကြွင်းများဖြစ်ပေါ်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သဖြင့် ကိုယ့်သဘောနှင့်ကိုယ် စိုက်ပျိုးရေးဆေးများအား ရောစပ် ပက်ဖျန်းခြင်းကိုလည်း မပြုလုပ်သင့်ပေ။
ထို့အတူ စိုက်ပျိုးရေးဆေးပက်ဖျန်းသုံးစွဲရာတွင် သတ်မှတ်ထားသောဆေးနှုန်းထားထက် လျော့ဖျန်း ခြင်း၊ ပိုဖျန်းခြင်းတို့မလုပ်သင့်ပေ။ တစ်ချို့သောတောင်သူများမှာ ဆေးအနံ့လေးပေးပြီး ပိုးကိုအဝေးသို့ ပြေးစေချင်သည်ဟုဆိုကာ ထောက်ခံထားသောဆေးပမာဏကို အသုံးမပြုတော့ဘဲ ဆေးနှုန်းထားကို လျော့ ဖြန်းကြသည်။ ထိုအခါ ထိရောက်မှုမရှိဘဲ မိမိနိုင်နင်းလိုသည့် ဖျက်ပိုးများအား ကာကွယ်နှိမ်နင်းနိုင်ခြင်း မရှိ သည့် ပြသာနာကို ကြုံတွေ့ရတတ်သည်။
တစ်ချို့တောင်သူများသည် ပိုးမသေမှာစိုးရိမ်သဖြင့် အသုံးပြုရမည့်ဆေးပမာဏထက် ပိုဖျန်းကြသည်။ ပိုး များသေစေသောပမာဏထက် ပိုမိုအသုံးပြုပါက ပိုးများသေစေရုံမျှမက တောင်သူများ သတိမမူမိသော ပြသာနာကြီး (၃)ရပ်ကို မကြာမီအတွင်း ခံစားလာရတော့မည် ဖြစ်ပေသည်။
– ဖျက်ပိုးများသည် ဆေးကိုခံနိုင်ရည် ရှိလာတတ်သည်။ ခံနိုင်ရည်ရှိသောပိုးသည် နှိမ်နင်းရန် မလွယ်ကူတော့ပေ။ ထို့အပြင် ဆေးဖျန်းလျှင် အရင်သုံးခဲ့သောဆေးနှုန်း ပမာဏထက် ပိုအ သုံးပြုရသဖြင့် စိုက်ပျိုးရေးဆေးဖိုး ငွေပိုမိုကုန်ကျစေသည်။
– စိုက်ပျိုးရေးဆေးများကို လိုအပ်သည်ထက်ပိုဖျန်းလျှင် သီးနှံပေါ်တွင် ဓါတ်ကြွင်းအာနိသင် ပိုမိုပါဝင်နိုင်သဖြင့် စားသုံးသူများကို အန္တရာယ်ဖြစ်သည့်အပြင် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ ရောင်းချခွင့်လည်း ဆုံးရှုံးနိုင်သည်။
– အသုံးပြုရမည့် ဆေးပမာဏထက်ပို၍ နှုန်းလွန်ပမာဏ ပက်ဖျန်းခြင်းဖြင့် သီနှံပင်တွင် ကျရောက်သည့် သာမန်ဖျက်ပိုးများသည် အဓိကဖျက်ပိုးများဖြစ်လာသည်။ ထိုပိုးများကို ထပ်မံ နိုင်နင်းရသဖြင့် စိုက်ပျိုးရေးဆေးဝယ်ယူစရိတ်၊ ဆေးဖျန်းစရိတ် စသည်တို့ ပိုမို ကုန်ကျစေသည့် အပြင် ဆေးဖျန်းသူကိုလည်း အန္တရာယ်ဖြစ်စေနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည်။

စိုက်ပျိုးရေးဆေးသုံးသူများသည် ဆေးဖျန်းမည်ဆိုပါက စိုက်ပျိုးရေးဆေးဘူး/ ဆေးထုပ်များတွင် ဖေါ်ပြပါရှိသည့် သီနှံများမခူးဆွတ် မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ကို လိုက်နာရမည်။ သီးနှံများမခူးဆွတ်မရိတ်သိမ်းမီစောင့်ဆိုင်းရမည့် အချိန်ကာလ (PHI = Pre-Harvest Interval) ကို (၁၄) ရက်နေ့ဟုဖော်ပြထားလျှင် စိုက်ပျိုးရေးဆေးဖျန်းပြီးနောက် (၁၄) ရက်နေ့ကျော်မှ သီးနှံများကို ခူးဆွတ်ရိတ်သိမ်းရမည်။ ထိုသို့မဟုတ်ဘဲ ခူးဆွတ်ရိတ်သိမ်းပါက သီးနှံများတွင် ဓါတ်ကြွင်းပါဝင် မှု ပြသာနာများနှင့် ကြုံတွေ့ရတတ်သည်။ စားသုံးသူကိုလည်း အန္တရာယ်ဖြစ်စေသည်။