Marlarmyaing for All. Let's grow together !

မြေဆီလွှာအတွက်လိုအပ်သော အဓိကအာဟာရဓာတ်များ

နိူက်ထရိုဂျင် ဓာတ် ( N )

အပင်၏ပင်စည်အခက်အလက်များနှင့် အရွက်များကြီးထွားဖြစ်ထွန်းမှုကို ဆောင်ရွက်ပေးသည်။ကလိုရိုဖီး(ခေါ်) အစိမ်ရောင်ခြယ်ဆေးဖြစ်ပေါ်မှုကို တိုးပွားစေသည်။ အပင်၏ ကြီးထွားမှုအပြင် အသီး၊ အပွင့် ဖြစ်ပေါ်ရေးလုပ်ငန်းစဉ်တိုင်းတွင် ပါဝင်ဆောင်ရွက်သည်။ ပရိုတင်းတည်ဆောက်ရာတွင် အရေးကြီးသောအာဟာရဓာတ်ဖြစ်သည်။

ဖော့စဖောရပ်ဓာတ် (P)

အမြစ်များကို စောစွာကြီးထွားစေသည်။
ပန်းပွင့်ရန် အားပေးပြီး မျိုးစေ့ဖြစ်ပေါ်ခြင်းနှင့် အစေ့အဆံများပြည့်ဝစေရန်ဆောင်ရွက်ပေးသည်။ စိုက်ပျိုးပင်၏ သီးနှံအရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။

ပိုတက်ဆီယမ်ဓာတ် (K)

အင်ဇိုင်း၆၅မျိုးကျော်ပါဝင်သည်။ ဓာတ်ကူပြူမှု လျင်မြန်အောင်ဆောင်ရွက်ပေးသည်။ပင်ကြီးထွားရေးအတွက် လိုအပ်သောစွမ်းအင် (Energy)ဖြင့် ကာဗိုဟိုက်ဒြိတ်ကိုဖြိုခွဲေပးသည်။ရောဂါများစွာကို ကျော်လွှားတိုက်ခိုက်ဖြေရှင်းပေးသည်။
စတိုမာတာ(Stomata)ခေါ် လေရှုပေါက်များ ဖွင့်ခြင်း၊ ပိတ်ခြင်းဆောင်ရွက်ပေးသည်။အပင်၏ ရေလိုအပ်မှုကို ထိန်းချုပ်တိုးတက်မှုကောင်းမွန်စေပြီး ၊ သီးနှံ၏ရေငတ်ဒဏ်နှင့်အငန်ဓာတ်လွန်ကဲမှုဒဏ်ကို ခံနိုင်စွမ်းအားတိုးစေသည်။

ကန့်ဓာတ် ( S)

သစ်စေ့နှင့် အသီးအရွက်များ ဥစားသီးနှံများ၏ အရည်အသွေးတိုးမြှင့်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။အမိုင်နိုအက်စစ်များထုတ်လုပ်ရာတွင် လိုအပ်သည့်ဓာတ်ဖြစ်သည်။ပဲမျိုးနွယ်ဝင်အပင်များတွင် မြစ်ဖုများ ဖြစ်ပေါ်လာရေးအတွက် အားပေးပြီး ပဲစေ့များဖြစ်ပေါ်လာရေးအတွက်လှုံ့ဆော်ပေးသည်။ ပရိုတင်း၏ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းလည်းဖြစ်သည်။ ကြက်သွန်နီ/ဖြူ၊ မုန့်ညင်းမုန်လာပင်တို့၏အနံကိုကောင်းစေသည်။

ထုံးဓာတ် ( Ca)

အပင်များ၏ ဆဲလ်နံရံများကို ခိုင်မာတောင့်တင်းစေသည်။
အသီးတင်မှုကို ဖြစ်ထွန်းစေသည်။
မြေဆီလွှာအချဉ်လွန်ကဲမှုကို လျော့နည်းစေသည်။

မဂ္ဂနီဆီယမ်ဓာတ် (Mg)

အပင်အရွက်များ၏ အစိမ်းရောင်ရှိသော အစိတ်အပိုင်းများတွင် အဓိက ပါဝင်သည်။ အပင်၏ စွမ်းအင်ရွေ့လျားမှုနှင့် ဆက်စပ်နေသည့် ဓာတ်ကူပစ္စည်းများ ဓာတ်ပြုမှု (Enzyme Reactions) များတွင် လည်း ပတ်သက်ပါဝင်သည်။