Marlarmyaing for All. Let's grow together !

ဇွန်လအတွက် စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်များ

စကားလက်ဆောင်
———————–
တိုင်းပြည်နှင့်လူမျိုး၏အသက်အိုးအိမ်စည်းစိမ်ကို လက်နက်နှင့်ကာကွယ်နိုင်ခြင်းသည်တခဏစာဖြစ်သည်။ စားနပ်ရိက္ခာနှင့်တွဲဖက်ကာကွယ်နိုင်မှာတစ်ဘဝတာဖြစ်မည်။ သားဆက်မြေးစဉ်ရှင်သန်စေလိုပါမူ အတတ် နှင့်အသိ တို့ပါအစဉ်ရှင်သန်ဦးဆောင်နေရန်လိုသည်။

လယ်ယာဥယျာဉ်လုပ်ငန်းစဉ်
****************************
ဥယျာဉ်ခြံသီးနှံ
—————–
သစ်သီးဝလံပင်များပင်ခြေမြေဖို့ခြင်း၊ရေထုတ်ရေလွှဲမြောင်းနှင့်စိမ့်မြောင်းများ ဖောက်လုပ်ခြင်းဖြင့်ရေမဝပ်အောင် ဆောင်ရွက်ပါ။ ကိုင်းဖြတ်ထားသော အပင်များကိုင်းသစ်မွေးရန် နေရွက်လှေ ယူရီးယားနှင့် ပိုတက်ဓာတ်မြေဩဇာများ ရောစပ်ဖြည့်သွင်းပါ။ တစ်နေရာတွင် ကိုင်းသစ်(၃)ကိုင်းသာ ချန်လှပ်မွေးမြူပါ။

စက်မှုသီးနှံ
————-
ကြံသီးနှံကို နေရွက်လှေယူရီးယားတစ်ဆ၊ တီအက်ပီဆဝက်၊ ပိုတက်တစ်ဆခွဲ၊ ပေါင်းတစ်ဧကပိဿာ (၄၀) နှုန်းဖြည့်သွင်းပြီး ဘောင်လုံးပေးပါ။ ဝါသီးနှံစိုက်ပျိုးရန်အတွက်လည်း အာဟာရစုံ ဖြည့်သွင်းပြီး မြေယာပြုပြင်မှုလုပ်ငန်းများစတင်ဆောင်ရွက်ပါ။ ငွေခြည်(၆) နှင့်(၉)၊ ရွှေတောင်(၈) အထွက်ကောင်းမျိုးများ စုဆောင်းပါ။

ပိုးမွှားရောဂါကာကွယ်ခြင်း
——————————-
ပျိုးခင်း၊ဥယျာဉ်မြေနှင့် စိုက်ခင်းမြေများတွင် ပိုးမွှားရန်မှကာကွယ်ရန် အမ်- ဖြူရန် (၃)ဂျီ၊ ဖြူရာဒန် (၅)ဂျီ၊ အမ်- ကာဘိုဆေးများကို မြေခံတွင်လည်းကောင်း၊ အမ်- ကိုဆိုဒ်၊ ဖူဂျီဝမ်း၊ ကာစူမင် ဟိုမိုင်းနှင့်ထြိုင်ဂိုးဆေးများကို မျိုးစေ့နှင့် လူးနယ်၍လည်းကောင်း စီရင်စိုက်ပျိုးရမည်။

မြေယာပြုပြင်ခြင်း
————————
အောက်မြန်မာပြည်ရေသေချာသော ဒေသများတွင် ဘိုကိတ်၊ပဲလွန်း၊ညံ၊ပိုက်ဆံလျှော်များ စိုက်ပျိုးပြီးမြေဩဇာစိမ်းဖြည့်တင်းပေးပါ။ တိရစ္ဆာန်ချေးဆွေး၊ထုံး၊နုံး၊ပြာမျိုးစုံ၊အီးအမ် အိုင်အမ်များဖြည့်တင်းပြီးအစိုဓာတ်နှင့် နှပ်ထားပါ။ အထက်မြန်မာပြည်မြေများ ထယ်ရေးဖွင့်၍ မိုးရေခံကာ မြေအောက်ရေလုံလောက်အောင် စောင့်ဆိုင်းပါ။ ဆိတ်ချေးဆွေး၊တမာစေ့ကြိတ်ဖတ်၊ တမာရွက်၊မဲရိုင်းပင်များဖြည့်သွင်းပေးပါ။